ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အံကျိန်းတော်ကုန်း မဟာဇေယျသိဒ္ဓိ-အဓိဋ္ဌာန်ဆရာတော်ဘုရား၏ ထေရုပတ္တိအကျဉ်း
ဆရာတော်သည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၌ ဘခမည်းတော် ဦးဝဲဒိုး၊ မယ်တော် ဒေါ်စံသာဦးတို့မှ ၁၃၀၉ခု၊ ဝါခေါင်လဆုတ် (၄) ရက်၊ တနင်္လာ (၄-၈-၄၇)နေ့တွင် ဖွားမြင်သန့်စင်တော်မူခဲ့ပါ သည်။ ၁၃၂၀ခု၊ သက်တော် (၁၀) နှစ်တွင် ရှင်သာမဏေအဖြစ် ခံယူတော်မူခဲ့ပြီး ၁၃၂၈-ခု သက်တော် (၂၀) ပြည့်တွင် ရဟန်းဘောင်သို့ ၀င်ရောက်ခဲ့ပါသည်။ ပရိယတ္တိစာပေ နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ငယ်-လတ်-ကြီး၊ ဓမ္မစရိယတန်း အောင်မြင်တော်မူခဲ့ပါသည်။ စစ်တွေမြို့၊ မြို့မကျောင်းတိုက်နှင့် ရန်ကုန်မြို့၊ ဗဟန်းဦး ထောင်ဗိုလ်လမ်းရှိ ဓည၀တီပရိယတ္တိစာသင်တိုက်တို့တွင် ပရိယတ္တိစာပေများကို သင်ကြားဆည်းပူးခဲ့ပါသည်။ စာချတန်း သုတ္တန် ပိဋကတ်၊ ဒိဃနိကာလ်ကို နှုတ်တက်အာဂုံဆောင်တော်မူခဲ့ပါသည်။ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် (သာသနဓဇသီရိပရဓမ္မစရိယ) အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တခန္တိ၏ အန္တေ၀ါသိက တပည့်ရင်း တစ်ဦးဖြစ်ပါသည်။
ထို့နောက် စွန်ရဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်၊ ကျောင်းပိုင်အဖြစ် သီတင်းသုံးနေတော် မူလျက် တပည့်ရဟန်း ရှင်သာမဏေ၊ ကျား မ လူငယ် (၅၀၀) ခန့်တို့အား (၉) နှစ်တိုင်တိုင် ပရိယတ္တိစာပေများ ကို ပို့ချပေးတော်မူခဲ့ပါသည်။ သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်တို့၏ သြ၀ါဒကိုအမြဲတမ်းခံယူတော်မူလျက် တောတောင်အသီးသီးတို့၌ မဟာဇေယျ သိဒ္ဓိကျင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိဘာဝနာကို ၁၃၄၁ ခု၊ နှစ်ဆန်း (၁) ရက် နေ့မှစ၍ ရာသက်ပန်သက်သက်လွတ်ဆွမ်းဘုဉ်းပေးလျက် စတင်ကြိုးစားအားထုတ်တော်မူလာခဲ့ရာ သက်တော် (၃၆) နှစ်၊ သိက္ခာတော် (၁၆)၀ါတွင် အဓိဋ္ဌာန်ဆရာတော်ဟူ၍ ထင်ပေါ်ကျော်ဇောလာခဲ့ပါသည်။ ဆရာတော် သည် မိမိဇာတိရပ်ရွာဖြစ်သော စွန်ရဲကျေးရွာ တစ်နေရာတည်းတွင် အားထုတ်နေတော်မူခဲ့ခြင်းဖြင့် အားရတင်း တိမ် ကျေနပ်မှုမရှိဘဲ မင်းပြား ကိန်းတောင်၊ ဝေသာလီ၊ ဦးရာဇ်တော်၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝ၊ ဆံတော်ရှင်၊ ဥဿလင်း၊ ရသေ့တောင်၊ မောင်တော စသော နေရာအသီးသီးတို့ကို ကြွရောက်တော်မူပြီး မိမိကိုယ်တော်တိုင်လည်း အဓိဋ္ဌာန်တော် ဆောက်တည်ခြင်း၊ တပည့်တကာ၊ တကာမတို့အား တရားဓမ္မဟော ပြောပြသခြင်း စသည့်သာသနာကိစ္စရပ်များကို နေ့မအား ညမအား ကျင့်ကြံအားထုတ်ဆောင်ရွက်တော်မူခဲ့ပါ သည်။
ဆရာတ်ေသည် သက္ကဋ၊ ဗြဟ္မီစသော ကျောက်စာမျိုးပေါင်း (၂၀) တို့ကို သိမြင်နားလည်သော ပုဂ္ဂိုလ် တစ်ပါးလည်း ဖြစ်ပါသည်။ မဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ကျင့်စဉ်၊ မုနိဇာဘုရားပူဇော်နည်း၊ လောကနာထ၊ ဒေ၀ယ က္ခပူဇာ၊ ရေဆူဘုရားပူဇော်နည်းနှင့် (၂၈)ဆူ စက်ပရိတ်တော်စသော ဗုဒ္ဓစာပေများကို ဓမ္မဒါနအဖြစ် ရေးသားပြု စုတော်မူခဲ့ပါသည်။ တောတောင်အသီးသီးတို့၌ တရားအားထုတ်တော်မူ၍ အဓိဋ္ဌာန်အောင်ပွဲကျင်းပနေစဉ်ကာလ အတွင်း ဗောဓိညောင်ရွက်များသည် အောင်ပွဲတိုင်းကန်တော့ထိုးခြင်းကို ထူးဆန်းအံ့သြဖွယ်ရာ ပေါ်ပေါက်ခဲ့ ဖူးပါသည်။ ယခုအခါ ဆရာတော်သည် သာသနာ့မြေအဖြစ် နိုင်ငံတော်အစိုးရမှ တရားဝင်သတ်မှတ်ခွင့်ပြုထား သော စစ်တွေမြို့၊ အံကျိန်းတော်ကုန်း ကန်တော်ငယ်အနီး ၅ ဧကခန့်ရှိသော သာသနာ့မြေပေါ်တွင် သာသနာ တော် တည်တံ့ပြန့်ပွါးရေးအတွက် နောင်တစ်ခေတ် သမိုင်းတွင်ရစ်စေမည့် စတုရန်းပေ (၄၀၀၀၀) ရှိ မဟာဇေယျ သိဒ္ဓိ အဓိဋ္ဌာန်သိမ်တော်ကြီးတစ်ဆောင်ကို ရခိုင်ဘုရင်မားဗာကြီး ကိုးကွယ်တည်ထောင် တော်မူခဲ့သည့် ရှစ်သောင်းဘုရားပိုထိုးတော်ကို အခြေခံ၍ ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံကာ ပုံစံယူတည်ဆောက် ထားပါသည်။ ဤမျှထုထည်ကြီးမားသော သိမ်တော်ကြီးတည်ဆောက်ရာတွင် မည်သည့်အတတ်ပညာရှင် အင်ဂျင်နီယူတစ်ဦးတစ်ယောက်ထံမှ အကူအညီတစ်စုံတစ်ရာ ရယူမှုမရှိဘဲ မိမိကိုယ်ပိုင်ဥာဏ်တော်ဖြင့်သာလျှင် ညွှန်ကြားတည်ဆောက်တော်မူခြင်းဖြစ်ပါသည်။ သိမ်တော်ကြီး၏ နံရံမှာ (၅-ပေ)ထုရှိပြီး အရန်တိုင်တစ်လုံးစီပေါ် တွင် သံဃာတော် (၉)ပါးဖြင့်လည်းကောင်း၊ ဆွမ်းဘုဉ်းပေးတော်မူခြင်း၊ ပရိတ်ပဋ္ဌာန် ရွတ်ဖတ်သရဇယ်ခြင်း စသော စသောအမှုကိစ္စတို့ကို ဆောင်ရွက် တောင်မူခဲ့ပါသည်။
ဤသိမ်တော်ကြိးအတွင်း ၆၄ မျိုးသော ဗုဒ္ဓရပ်ပွါးတော်များ၊ စေတီတော်ပေါင်း (၈၀) ဆူနှင့် ဓာတ်တော် မွေတော် ရုပ်ပွါးတော်ပေါင်း (၆၃၅၄၅၂၂) ဆူတို့ကို ဌာပနာသွင်း တည်ထားကိုးကွယ်လျက် မြန်မာတစ်မျိုးသား လုံး သာမက ကမ္ဘာသားအားလုံး အေးချမ်းသာယာပါစေကြောင်း မွန်မြတ်သော စိတ်ထားဖြင့် ရည်မှန်းချက်ထား ရှိ၍ ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံကာ တည်ဆောက်တော်မူခြင်းဖြစ်ပါသည်။ ဤသိမ်းတော်ကြီး အပြီး သတ်တည်ဆောက်ရန် ခန့်မျန်းခြေ ကျပ်သိန်းပေါင်း (၂၀၀၀၀) ခန့် ကုန်ကျမည်ဟု သတ်မှတ်လျာထားရှိပါသည်။ ဤသိမ်တော်ကြီး၏ ခေါင်မိုးပေါ်တွင် ရာသီဥတုဒဏ် ခံနိုင်ရန်နှင့် အဓွန့်ရှည်စွာ ကြည်ညိုသဒ္ဓါပွားနိုင်ကြစေရန် ကြေးပုထိုးတော် (၉)လုံး တည်ထားပူဇော်ရန် ရည်သန်ထားရှိပါသည်။ ယခုအခါ လုပ်ငန်းအ၀၀၏ (၇၅)ရာခိုင်နှုန်း မျှပြီးစီးနေပြီ ဖြစ်ပါသည်။
တစ်ဖန် ဆရာတော်ဘုရားသည် ၀မ်းဖောဝမ်းရောင်ရောဂါ မချိမဆန့်ခံစားနေရ၍ အဓိဋ္ဌာန်တော်ကို ရပ်ထားရမည့် အနေအထားဖြစ်ပေါ်နေစဉ် ၁၃၄၄-ခု၊ တန်းခူးလဆန်း (၁၀) ရက်နေ့ ည (၁၂) နာရီအချိန်တွင် မထင်ရှားသောအမျိုးသမီးတစ်ဦးမှ ဆေးနည်းလာရောက်ပေးသွားပြီး ပျောက်ကွယ်သွားပါသည်။ ၄င်းဆေးနည်း ဖြင့် ဖော်စပ်ပြီး စားသုံးသည့်နေ့မှစ၍ ရောဂါဝေဒနာလုံးဝ ကင်းစင်ပျောက်သွားပြီး တရားဓမ္မဆက်လက်ဆောက် တည်အားထုတ်ခွင့်ရရှိတော်မူခဲ့ပါသည်။
မဟာဇေယျသိဒ္ဓိအဓိဋ္ဌာန် ဆရာတော်ဘုရားသည် မဟာဇေယျသိဒ္ဓိ မဓိဋ္ဌာန်ကျာင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း၏ ပထမကဏ္ဍ၊ ပထမအဆင့် (၉) ရက်စတင်တည်ဆောက်၍ (၄) ရက်မြောက်နေ့ညတွင် ဆရာတော် ဘုရားရှေ့တည့်တည့်၌ ၀တ်ဖြူစင်ကြယ်ဝတ်ထားသော ပုဂ္ဂိုလ်တစ်ဦးနှင့် အနီးဝတ် (ယောဂီဝတ်) ပုဂ္ဂိုလ်တစ်ဦး ပေါင်း (၂)ဦးတို့သည် မမျှော်လင့်ဘဲ ရုတ်တရုတ်မတ်တပ်ရပ်လျက် ပေါ်လာသဖြင့် ဆရာတော်ဘုရားမှ “အသင် တို့သည် ငါ့ထက်တန်ခိုးအာနုဘော်ကြီးက ငါဦးညွှတ်မည်၊ ငါ့ထက်တန်ခိုးအာနုဘော်နည်းလျှင် ငါ့အားဦးချကြ” ဟုမိန့်ရှိသည်နှင့်တစ်ပြိုင်နက် ယင်းပုဂ္ဂိုလ်နှစ်ဦးစလုံး ပြိုင်တူဦးချကန်တော့ကြပြီး ပျောက်ကွယ်သွားကြကြောင်း အမိန့်ရှိဖူးပါသည်။
မင်းပြားမြို့နယ်၊ စွန်ရဲကျေးရွာ၊ ပြိန်းတောချေတောရကျောင်း ပဉ္စမကဏ္ဍ အဓိဋ္ဌာန်တော် (၇၂) ရက် ကာလအတွင်း မြွေဟောက်တစ်ကောင်သည် အိမ်မွေးတိရစ္ဆာန်တစ်ကောင်အလား ယဉ်ပါးစွာဖြင့် အန္တရာယ် တစ်စုံတစ်ရာမပြုလုပ်ဘဲ တစ်လခွဲခန့် သွားလာလှုပ်ရှားနေထိုင်ခဲ့ကြောင်း၊ ဆဋ္ဌမကဏ္ဍ အဓိဋ္ဌာန်တော် (၈၁)ရက် အတွင်း တစ်လတာမျှအတွင်း အိမ်မက် (၃)ကြိမ်တိတိ ဆက်တိုက်လာပေးနေပြန်သဖြင့် ၁၃၄၅-ခု၊ သီးတင်း ကျွတ်လဆန်း (၁၂)ရက်နေ့က တကာတစ်ဦးအား ခေါ်ယူပြီး တူးခိုင်းရာမှ ရှေးနှစ်ပေါင်း (၆၀၀)ခန့်လောက်က သွန်းလုပ်ခဲ့သော ရှေးဟောင်းကျောက်ညိုရုပ်ပွားတော်တစ်ဆုကို တူးဖော်ရရှိ၍ မဟာသုပိနမုနိဟု ဘွဲ့တော်ပေး ကာ ကိုးကွယ်ထားရှိခြင်း၊ ဆရာတော်ဘုရား၏ ပုံတော်ကိုအာရုံပြုလျက် လက်ဝါးကိုဖြန့်၍ ဆရာတော်ဘုရားအား
မနောဖြင့် ပင့်ဖိတ်ပါက ထင်ထင်ရှားရှား ဖူးမြော်ကြည်ညိုခွင့်ရကြခြင်း၊ ၁၉၉၄-ခု၊ ဇန်န၀ါရီလ ၂၇-ရက် (၁၃၅၅-ခု၊ ပြာသိုလ်လပြည့်)နေ့က တောင်ငူမြို့တွင် နေအိမ်အသီးသီးမှ ဆွမ်းဘုန်းပေးရန် ပင့်ဖိတ်လျှောက်ထား၍ ကြွ ရောက်တော်မူပြီး ပရိတ်တရားတော် ချီးမြှင့်ပေးရာမှ ပရိတ်ရေ ဆူပွတ်ခြင်း၊ ၁၉၉၄-ခု၊ ဖေဖေါ်ဝါရီလ (၂)ရက်နေ့ က တောင်ငူမြို့မှ မန္တလေးမြို့သို့ ကြွရောက်တော်မူရာ၌ ၄င်းနေ့တွင်ပင် တစ်ကြိမ်၊ နောက်တစ်နေ့ (၃-၂-၉၄)နေ့ တွင် တစ်ကြိမ်စသည်ဖြင့် (၂)ရက်တာကာလအတွင်း လေးလတိုင်တိုင် မိုးမရွာသွန်းခဲ့သော မန္တလေးမြို့တွင် (၃) ကြိမ်တိုင်တိုင် မိုးရာသွန်းခြင်းစသော ထူးဆန်းအံ့သြဖွယ်ရာ ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်ခဲ့ဖူးပါသည်။ ယခုအခါ ဆရာတော်သည် စစ်တွေမြို့အံကျိန်းတော်ကုန်း မဟာဇေယျ သိဒ္ဓိအဓိဋ္ဌာန်သိမ်တော်ကြီး၌ ကမ္မဋ္ဌာန်းတရားဆက် လက်အားထုတ်ရင်း တကာ၊ တကာမများအား တရားရေအေး အမြိုက်ဆေးကို ဆက်လက်တိုက်ကျွေးလျက် ရှိနေပါသည်။
ဆရာတော်ဘုရားအနေဖြင့် မိမိသည် မဟာဇေယျသိဒ္ဓိကျင့်စဉ်ခေါ် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းကို ကျင့်ကြံ ကြိုးစားအားထုတ်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်နှင့်အညီ မြတ်စွာဘုရားကိုယ်တော်တိုင် သက်တော်ထင်ရှား ရှိစဉ်ကပင် ကိုယ်စားတော်အဖြစ် သွန်းလုပ်တော်မူခဲ့သော တစ်နည်းအားဖြင့် သက်တော်အရှည်ဆုံး ရုပ်ပွါးတော် တစ်ဆူလည်း ဖြစ်တော်မူသည့် မဟာမြတ်မုနိကြေးဆင်းတု ရုပ်ပွါးတော်ဆစ်ဆူကို မိမိကြွရောက်တော်မူရာ အရပ်ဒေသတိုင်းသို့လည်းကောင်း၊ အဓိဋ္ဌာန်တော်ဝင်စဉ်ကာလတစ်လျှောက်လုံးတွင်လည်းကောင်း၊ မိမိနှင့် မကွဲမကွာ ဦးထိပ်ထား၍ ပင့်ဆောင်ပူဇော်လျက် ပြည်တွင်း/ပြည်ပ ဒေသစာရီ ကြွချီတော်မူပြီး သတ္တ၀ါအနန္တတို့ အား မေတ္တာတရားချီးမြှင့်ခြင်းဖြင့် အပူဇော်ခံလျက်ရှိနေပါသည်။ ဆရာတော်ဘုရားအား မိမိရောက်ရှိရာ နေရာ အရပ်ရပ်မှ မနောအာရုံဖြင့် ပင့်ဆောင်ပူဇော်နိုင်ခြင်း၊ ပရိတ်တရားချီးမြှင့်သည့်အခါတိုင်း ပရိတ်ရေဆူပွက်ခြင်း စသော ထူးခြင်းသည့် ဖြစ်ရပ်များကို ယနေ့ထက်တိုင် ဆရာတော်အရှင်မြတ်အား ဖူးတွေ့ရသူတိုင်း ကိုယ်တိုင် တွေ့မြင် ကြည်ညိုသဒ္ဓါပွါးများကြရမည်ဖြစ်ပါသည်။
ဆရာတော်သည် ဓူတင် (၄)ပါးနှင့် ပသစ္စာ (၇)ချက်ကို ရာသက်ပန် ဆောက်တည်ထားပါသေးသည်။